စစ်ကောင်စီအဖွဲ့ဝင် ခုနှစ်ဦးနဲ့ စစ်ခေါင်းဆောင်မိသားစုဝင် ၁၅ ဦးကို အမေရိကန် ပိတ်ဆို့အရေးယူမည်
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက အာဏာသိမ်းစစ်ကောင်စီမှာ တာဝန်ထမ်းဆောင်နေတဲ့ လူပုဂ္ဂိုလ် ခုနှစ်ဦးနဲ့ စစ်ခေါင်းဆောင်တွေရဲ့ မိသားစုဝင် ၁၅ ဦး ကို အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူမယ့် စာရင်းထဲမှာ ထပ်ပြီး ထည့်သွင်းလိုက်ပါတယ်။
ဒီစာရင်းထဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင် စိတ်ပညာ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါ်သက်သက်ခိုင်၊ အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးမြင့်ကြိုင်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပစီးပွားဆက်ဆံရေး ဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦး၊ စစ်ကောင်စီအဖွဲ့ဝင်တွေ ဖြစ်တဲ့ စောဒန်နီယယ်၊ ဦးဗညားအောင်မိုးနဲ့ ဒေါ်အေးနုစိန်တို့ ပါဝင်ပါတယ်။
ဒါ့အပြင် ယခင်ပိတ်ဆို့အရေးယူမှုစာရင်းမှာ ပါပြီးသား မြန်မာစစ်တပ်ခေါင်းဆောင်တွေရဲ့ ဇနီးနဲ့ အရွယ်ရောက်ပြီး သားသမီးတွေကိုပါ ပိတ်ဆို့အရေးယူမယ့် စာရင်းထဲမှာ ထပ်ပြီး ထည့်သွင်းလိုက်ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ် ကြူကြူလှ၊ ဒုတိယ ဗိုလ်ချုပ်မှုးကြီး စိုးဝင်းရဲ့ဇနီး ဒေါ်သန်းသန်းနွယ်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးရဲ့ ဇနီး ဒေါ်သက်သက်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရေ ဗိုလ်ချုပ်ကြီးတင်အောင်စန်းရဲ့ ဇနီး ဒေါ်သန်းသန်းအေး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ရဲ့ ဇနီး ဒေါ်အောင်မာမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ ဇနီး ဒေါ် ခိုင်ပပချစ်၊ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းရဲ့ အရွယ်ရောက်ပြီး သားသမီးများဖြစ်သူ မိုးထက်ထက်ထွန်း၊ ခိုင်မိုးမြင့်၊ ရတနာ မိုးမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့ ဇနီး ဒေါ်နီလာ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးရဲ့သမီး သက်သင်ဇာရဲ၊ အောင်လင်းဒွေးရဲ့ ဇနီး ဒေါ်ဥမ္မာမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ သားသမီးတွေဖြစ်တဲ့ ရွှေရဲဖြူအောင်၊ လှိုင်ဘွားအောင် နဲ့ ဖြိုးအာကာအောင်တို့ ပါဝင်ပါတယ်။
ဒီထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံတွင်းမှာ ရှိနေတဲ့ ဒီပိတ်ဆို့အရေးယူမှုစာရင်းမှာ ပါဝင်သူတွေရဲ့ ပိုင်ဆိုင်မှု၊ အကျိုးစီးပွား အားလုံးကို ပိတ်ပင်သွားမှာဖြစ်ပြီး ဒီလူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်နေတဲ့ အမေရိကန်နိုင်ငံသားတွေဟာလည်း ဘဏ္ဍာရေးဝန်ကြီးဌာနကို ချက်ချင်း သတင်းပို့ရမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။